မိုင်းကိုင် နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေခံနည်းဗျူဟာမှူး ဗိုလ်မှူးကြီးသန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် နယ်မြေခံနည်းဗျူဟာမှူး ဗိုလ်မှူးကြီးသန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ၊ ပညာရေး၊ ကျန်းမာရေးကိစ္စများ၊ ဌာနဆိုင်ရာများက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တည်ဆောက်ရေး လုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေ၊ အခြေခံမဲစာရင်း မှန်ကန်စေရေး မှတ်ပုံတင်ကတ်ပြား၊ အိမ်ထောင်စုလူဦးရေနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း၊ ဖြည့်စွက်ခြင်းတို့အတွက် မြေပြင်အထိ ကွင်းဆင်းဆောင်ရွက် နေမှုများ၊ လမ်းပမ်းဆက်သွယ်မှု ကောင်းမွန်စေရေး ဆောင်ရွက်နေမှုများ၊ ကျေးရွာ မီးလင်းရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး အကောင် အထည်ဖော်ဆောင်ရွက် နေမှုများ၊ လုံခြုံရေးကိစ္စများကို ဆွေးနွေးတင်ပြကြရာ နယ်မြေခံနည်းဗျူဟာမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည့် အကြောင်းအရာများကို ပြန်လည်ဆွေးနွေးပြီး လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ဆုံးဖြတ်ချက်များ အသီးသီးချမှတ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ နယ်မြေခံနည်းဗျူဟာမှူး ဗိုလ်မှူးကြီးသန်းထွန်းအောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ၂၉ ခုမှ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်း ၃၃ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)