ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးအတွက် ညောင်ရွှေ-ရန်ကုန် ပြေးဆွဲလျက်ရှိသော ကုန်တင်ယာဉ်ကြီးများ (၂)ပတ်ရပ် နားမည်

ညောင်ရွှေ စက်တင်ဘာ ၂၀

လတ်တလောကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်နိုင်ရေးအတွက် ညောင်ရွှေမြို့ရှိ အလုပ်ရုံ/ပွဲရုံ အသီးသီးမှ ရန်ကုန်နှင့်မန္တလေးမြို့များသို့ ပြေးဆွဲနေကြသည့် ကုန်တင် မော်တော်ယာဉ်ကြီးများနှင့် ပတ်သက်၍ မြို့နယ်ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် မော်တော်ယာဉ်ကြီးအသင်းတို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၇)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် တင်ပြဆွေးနွေးချက်များအရ မော်တော်ယာဉ်ကြီးအသင်းမှ မိမိတို့ဆန္ဒအလျောက် လက်ရှိရန်ကုန်သို့ ကုန်စည်ပြေးဆွဲ တင်ပို့ခြင်းကို ရက်သတ္တ(၂)ပတ် ရပ်နားထားမည်ဖြစ်ပြီး ပြန်လည် ဝင်ရောက်လာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို အထက(၁) ညောင်ရွှေ၌ ဖွင့်လှစ်ထားရှိသော  Facility Quarantine Centre ဝင်ရောက်စေ၍ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် မန္တလေးသို့ ပြေးဆွဲနေသော ယာဉ်များကို မြို့နယ်ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ