တာမွေမြို့နယ်၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တာမွေ       နိုဝင်ဘာ    ၁၆

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းအချိန် က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီ ရန်ကုန်အရှေ့ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုမာ ကမြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (UNCRC)ကို ၁၉၉၁ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါကြောင်း၊ ဒါ့ကြောင့် ၁၉၉၃ခုနှစ်မှာ ကလေးသူငယ်ဥပဒေနှင့် ၂၀၀၁ ခုနှစ်မှာ ကလေးသူငယ်များ နည်းဥပဒေကိုပြဌာန်းပြီး ကလေးသူငယ်များ၏ အခွင့်အရေး ()ရပ်ဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အကာအကွယ်ရရှိခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် စသည်တို့ကို အပြည့်အဝရရှိစေရန် ကာကွယ်စောင့်ရှောက်ပေးလျက် ရှိပါကြောင်း၊ မိမိတို့မြို့နယ်အတွင်းမှာရှိတဲ့ ကလေးသူငယ်များအား (CRC)ပါ အခွင့်အရေး()ရပ်ရရှိရန်နှင့် ကလေးများအား အကြမ်းဖက်ခြင်း၊ လွဲမှားစွာ ပြုကျင့်ခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းဆိုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေသော လုပ်ရပ်များကို ကာကွယ်တားဆီး စောင့်ရှောက်ပေးရန် လိုအပ်ပါကြောင်း၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ မိသားစုများနှင့်အတူ ပြည်သူလူထုအားလုံး ဝိုင်းဝန်းပူးပေါင်းပြီး ကာကွယ်စောင့်ရှောက်ရန် အထူးပင်လိုအပ်ပါကြောင်း၊ ကလေးသူငယ် ကလေးကိစ္စများဖြစ်သည့် ဥပဒေနှင့်ရင်ဆိုင်ရသောအမှု၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံ ဖြတ်အမြတ်ထုတ်မှု၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အလွဲသုံးမှု၊ လျစ်လျူရှုမှု၊ အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရေးကို ကြိုတင်ကာကွယ်မှုလုပ်ငန်းများအား လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အလေးထား တိုက်တွန်းလိုပါကြောင်းစသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များမှ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးတင်ပြခဲ့ကြရာ ရန်ကုန်အရှေ့ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ လက်ထောာက် ညွှန်ကြားရေးမှူး ဒေါ်စုစုမာ က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

နိုင်လင်းအောင်(တာမွေ)