မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မော်လမြိုင်  နိုဝင်ဘာ  ၁၆                                                                     

အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့နံနက်ပိုင်း က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတို့၏ တာဝန်ရှိသူများမှ  တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် က မွန်ပြည်နယ်အတွင်း မဲဆန္ဒရှင် စာရင်းပြည့်စုံ မှန်ကန်စေရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ ပြုစုထားရှိသည့် အခြေခံလူဦးရေ စာရင်းဇယားများ မှန်ကန်မှုရှိစေရေးကို မြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ  ပူးပေါင်း၍ မြေပြင်တွင် အမှန်တကယ်နေထိုင်သော စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်း (Pilot Project) အား ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ အိမ်ထောင်စုစာရင်းတွင် ရှိနေသော်လည်း မြေပြင်တွင်နေထိုင်မှု မရှိတော့သူ၊ သေဆုံးပြီးသူများကို စာရင်းလျော့ချရမည်ဖြစ်ပြီး အိမ်ထောင်စုစာရင်း လုံးဝမရှိသူနှင့် အခြားမြို့နယ် အိမ်ထောင်စုစာရင်း ကိုင်ဆောင်ထားသူများအား စိစစ်သွားပြီး မှန်ကန်မှုရှိပါက အိမ်ထောင်စု စာရင်းထုတ်ပေးကာ မဲစာရင်းတွင် ပါဝင်နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း၊ လူဦးရေ စာရင်းမှန်ကန်စေရေးနှင့်  လုပ်ငန်းများ ပိုမိုမြန်ဆန်ရေးအတွက် မြေပြင်လူဦး ရေစာရင်းအပြင် ပုံစံ- ၆၆/ ကို အဓိကထား၍ စိစစ်ဆောင်ရွက်သွားရန်  လိုအပ်သလို မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့တို့ဖြင့် စနစ်တကျပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မှန်ကန်တိကျသော မဲဆန္ဒရှင်စာရင်း ရရှိရေးအတွက် ပြုစုရာတွင် အဓိကတာဝန်ရှိသည့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ ပြည်နယ်အတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းမှ မွန်ပြည်နယ်အတွင်း မဲစားရင်းပြုစုရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေအား ဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ ခရိုင်/မြို့နယ် စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက အခြေခံလူဦးရေ စာရင်းဇယားများ မှန်ကန်မှုရှိစေရေး စာရင်းပြုစုဆောင်ရွက်မှု၊ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)