ဗိုလ်တထောင် စက်တင်ဘာ ၂၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်စေရန် ရောဂါကူးစက်ပျံ့နှံမှုမရှိစေရေး လူအဝင်၊ အထွက် စောင့်ကြည့်မှုထားရှိပြီး ကျန်းမာရေးစစ်ဆေးပေးခြင်း များကို အမှတ်(၉)ရပ်ကွက်တွင် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလတွင် ပြည်သူများ မိမိတို့၏ နေအိမ်များတွင် နေထိုင်ကြပြီး မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာရမည့်သူများနှင့် လုပ်ငန်းခွင်ဝင်ကြမည့် ဝန်ထမ်းများသာ သွားလာကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း Mask များ တပ်ဆင်ရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာရန်၊ အသိပညာ ပေးချက်များကို ဗိုလ်တထောင်မြို့နယ်ရှိ ရပ်ကွက်(၁၂)ရပ်ကွက်၌ ကြိုတင်ကြေညာထားရှိပြီး ရပ်ကွက် များအလိုက် လမ်းများတွင် နှာခေါင်းစည်းများ တပ်ဆင်မှု ရှိ/မရှိစစ်ဆေးခြင်း၊ ကိုယ်ပူချိန် တိုင်းပေးခြင်း၊ မော်တော်ယာဉ် ဝင်ထွက်မှုများကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်မှုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ လမ်းသာယာရေး အဖွဲ့များ၊ ရပ်ဖိရပ်ဖများ၊ စေတနာရှင်များ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)