ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်း ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင် က ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ရုံးဌာနများအား ရုံးဥပဓိရုပ်သန့်ရှင်းသပ်ရပ်ရေး၊ ဖွဲ့စည်းထားသော စစ်ကြောင်း(၅)ကြောင်းတွင် ဌာနဆိုင်ရာများဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုများကို ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများအား ဆွေးနွေးခြင်း၊ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် လျှပ်စစ်ဝါယာကြိုးများ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးရန်အစရှိသည်တို့အား ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းအောင်က ပြောကြားရာတွင် စစ်ကြောင်းကြီး (၅)ကြောင်းတွင် ပါဝင်သည့်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးရန်၊ မြို့နယ်သန့်ရှင်းသာယာလှပစေဖို့ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း အစရှိသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက်အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက လုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ပြန်လည်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)