ဆီဆိုင် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ ပေးအပ်သော လူမူရေး ပင်စင်ကို ဆီဆိုင်မြို့ပေါ်ရပ်ကွက်ရှိ သက်ကြီးဘိုးဘွား (၂၀) ဦးတို့အား ယမန်နေ့ နံနက် ၁၀ နာရီခန့်က တစ်ဦးချင်းဘိုးဘွားများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။
အဆိုပါထောက်ပံ့ငွေကို လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမူဝန်ထမ်း ဦးစီးဌာနမှ လူမူရေးပင်စင်ထောက်ပံ့ခြင်းများကို အသက် ၈၅ နှစ်အထက် သက်ကြီးအဘိုးအဘွားများအား တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိရာ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာ ရေးနှစ်၊ စတုတ္ထသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) အတွက် လူမူရေးပင်စင် ထောက်ပံ့ငွေ ကျပ်(၃၀၀၀၀)ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ က ဆီဆိုင်မြို့ပေါ်ရပ်ကွက်ရှိ သက်ကြီးဘိုးဘွား(၂၀)ဦးတို့အား တစ်အိမ်တက်ဆင်း ဘိုးဘွားများလက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်အတွင်းတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း(၉၇)ဦးရှိပြီး ကျန်ရှိသော ကျေးရွာများသို့လည်း သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာအရောက် ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)