မော်လမြိုင်မြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံ

မော်လမြိုင် နို၀င်ဘာ ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မြိုင်သာယာရပ်ကွက်နေ ပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းတွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁၂) နာရီခွဲ အချိန်က ပြုလုပ်ကျင်းပခဲ့သည်။

မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများတွေ့ဆုံပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက မိမိတို့ရပ်ကွက်အတွင်းရှိ  ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် လိုအပ်သည်များ၊ ကုန်ထုတ်လုပ်ရေးအတွက် လိုအပ်သည့် လမ်း၊ တံတားများကို ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးတင်ပြစေလိုကြောင်း နယ်မြေဒေသတည်ငြိမ်လုံခြုံရေးအတွက် နယ်ခြားစောင့်တပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူလူထုနှင့်အတူပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း တည်ငြိမ်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့်လူကုန်ကူးမှု အန္တရာယ်များကို ကြိုတင်ကာကွယ်ကြရမည့် နည်းလမ်းများ၊ ပြည်သူများကျန်းမာရေး အတွက် မိမိတို့ပူးပေါင်း ဆောင်ရွက်နေလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိုးခြင်း လုပ်ငန်းများတွင် ကျန်းမာရေးဌာနကို ကူညီသည့် အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြစေလိုကြောင်း   လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကိုင်ဆောင်သူများမှ သတိပြုလိုက်နာရမည့်အချက်များ၊ မိဘပြည်သူများသို့ အသိပေးထုတ်ပြန် ချက်များအကြောင်းကို ဆွေးနွေးရှင်းပြခဲ့ကြသည်။

ဆက်လက်ပြီး ကျန်းမာရေး၊ ပညာရေး၊ ပြန်/ဆက်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်၊  မြို့နယ်မွေး/ကုဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန တာဝန်ခံတို့က ရပ်ကွက်နေပြည်သူများမှ တင်ပြဆွေးနွေးခဲ့ကြသော ကျန်းမာရေးကဏ္ဍ၊ လမ်းတံတား၊ ရေနုတ်မြောင်းကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း ဖော်ဆောင်ရေးကိစ္စ၊ ပညာရေးကဏ္ဍ၊ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ရရှိရေး၊ လူဦးရေတိုးပွားလာသည့် အတွက် မြေကွက်အသစ်များဖော်ဆောင်ရေးနှင့် စာသင်ကျောင်းအသစ်နှင့် မြေနေရာရရှိစေရေးအကြောင်းများကို မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၀င်များနှင့် သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံများက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် နည်းလမ်းများကို ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်