မြင်းခြံမြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲပြုလုပ်

မြင်းခြံ နိုဝင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ မြင်းခြံမြို့ အထက-ခွဲ(အလင်းရောင်)‌ ကျောင်းတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့ က အမျိုးသားအောင်ပွဲနေ့သည် နှစ်ပေါင်းတစ်ရာကျော်ရှိပြီဖြစ်ကြောင်း၊ ယနေ့အချိန်ထိ ပြည်သူလူထုစိတ်ထဲ၌ အမျိုးသားရေး စိတ်ဓာတ်များ ကိန်းအောင်းလျက်ရှိပါကြောင်း၊ အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံအားနည်းပါးသူ များပြားပါက တိုင်းပြည်အလုံးစုံပျက်စီးနိုင်ပါ ကြောင်း၊ လူငယ်များအနေနှင့် အမျိုးသားရေးစိတ်ဓာတ် ထက်သန်နိုးကြားရန်လိုကြောင်း စသည့်အကြောင်းအရာများကို ပြည့်စုံစွာဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် အထက(ခွဲ) အလင်းရောင်ကျောင်းမှ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး ကျောင်းသား/သူများအတွက် (၁၀၂) နှစ်မြောက် အမျိးသားအောင်ပွဲ နေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစောင်များ ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်များလည်း ပြသထားရာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)