ဆီဆိုင် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားသောက်ရေး အဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် နိုင်ငံတော်မှ ထောက်ပံ့သော ငွေကျပ် ၂ သောင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က ပြည်သူလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
ကွင်းဆင်းထောက်ပံ့ပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယဦးစီးမှူး ဦးအောင်မိုးခိုင်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့နှင့်အတူ ဆီဆိုင်မြို့ပေါ် ၆ ရပ်ကွက်ဖြစ်သော ဟိုခဲ၊ မင်္ဂလာ၊ သီရီ၊ အောင်သပြေ၊ အောင်ချမ်းသာနှင့် မြကန်သာရပ်ကွက်တို့မှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု(၄၃၁)စုအတွက် အိမ်တိုင်ရာအရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
“ကျွန်မက ပုလင်းခွံ၊ ဘူးခွံတွေကိုရှာပြီး ရောင်းစားရတယ် အရမ်းအားငယ်တယ် ရှာကျွေးတဲ့သူမရှိဘူး သမီးတစ်ယောက်တော့ရှိ တယ် အခုလိုနိုင်ငံတော်မှ အိမ်အထိ လာရောက်ထောက်ပံ့ပေးသည့်အတွက် အရမ်း ဝမ်းသာတယ် ကျေးဇူးအများကြီးတင်တယ်” ဟု မြကန်သာရပ်ကွက်မှ အသက် ၇၂ နှစ်ခန့်အရွယ် မွိုးဖြားအောင်က ပြောသည်။
ဆီဆိုင်မြို့နယ်တွင် ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၃)အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စု (၃၇၈၄)စု၊ လူဦးရေ ၁၆၁၃၀ ဦးခန့်အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။
ခွန်ရဲထွေး(ဆီဆိုင်)