ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၆၉)ဦးအား သက်ဆိုင်ရာဒေသအသီးသီးသို့ ဆက်လက်ပို့ဆောင်ပေး

လားရှိုး     စက်တင်ဘာ  ၂၀

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက် ရှိပါသည်။

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့တွင် နေရပ်ပြန်ပြည်သူ အမျိုးသား  (၄၆)ဦး၊ အမျိုးသမီး(၂၃)ဦး စုစုပေါင်း (၆၉)ဦးတို့အား လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ပါသည်။ အဆိုပါ နေရပ်ပြန်ပြည်သူ (၆၉)ဦးတို့တွင် ကချင်ပြည်နယ်မှ (၆)ဦး၊ ချင်းပြည်နယ်မှ (၅)ဦး၊  စစ်ကိုင်းတိုင်း ဒေသကြီးမှ (၃)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၁၇)ဦး၊   မန္တလေးတိုင်းဒေသကြီးမှ (၂)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁)ဦး၊ ရှမ်းပြည်နယ်မှ (၃)ဦး၊ ရခိုင်ပြည်နယ်မှ (၂၉)ဦး၊ ရန်ကုန်တိုင်းဒေသကြီး မှ(၃)ဦးတို့ ဖြစ်ကြသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် နှစ်နိုင်ငံနယ်စပ် ဂိတ်များမှ တစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများ အား စနစ်တကျစိစစ်၍ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထား ခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ မေလ(၆)ရက်နေ့မှ  စက်တင်ဘာလ(၁၉)ရက်နေ့အထိ နေရပ်ပြန်ပြည်သူ အမျိုးသား  (၁၀၁၃၆)ဦး၊ အမျိုးသမီး (၆၃၆၈)ဦး၊ စုစုပေါင်း (၁၆၅၀၄)ဦးတို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးနိုင်ခဲ့ကြောင်း သိရသည်။

နန်းသန္တာဦး (ပြည်နယ်၊ ပြန်/ဆက်)