စမ်းချောင်း နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေ၏အကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၁)နာရီက အ.ထ.က(၄)စမ်းချောင်းသို့ သွားရောက်၍ စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား/သူများ အားလပ်ချိန်တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုတတ်သည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုခြင်းဖြင့် စာပေ၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်နှင့် စာကြည့်တိုက်သို့လာရောက်ပြီး စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်အတွက် စာအုပ်စာစောင်များကို အခြေခံပညာ ကျောင်းများသို့ သွားရောက်ပြီး မိုဘိုင်းစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား/သူများ ဖတ်ရှုနိုင်စေရန် သုတ/ရသစာအုပ်များနှင့် ရုပ်ပြ၊မဂ္ဂဇင်း စာအုပ်များကို တစ်ဦးလျှင် တစ်အုပ်နှုန်းဖြင့် ငှားရမ်းခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဒေသနေပြည်သူများအတွက် အပတ်စဉ် ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် ဗဟုသုတရရှိနိုင်မည့် သုတ/ရသ စာအုပ်များကိုလည်း စနစ်တကျငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း