လွိုင်လင်မြို့၌ အမျိုးသား(အလွတ်တန်း)ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

လွိုင်လင် နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာ အမျိုးသား(အလွတ်တန်း)ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ) ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပရာခရိုင် အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် တက်ရောက်၍ တံခွန်စိုက်ဆုဖလားချီးမြှင့်ပေးအပ်သည်။

ရှေးဦးစွာ အမျိုးသား(အလွတ်တန်း)ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲယှဉ်ပြိုင်ကြမည့် အမှတ်(၄)ရပ်ကွက်(က)အသင်းနှင့် (ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အမှတ်(၄)ရပ်ကွက် (က) အသင်းက ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။ ယင်းနောက် ဆုချီးမြှင့်ပွဲအစီအစဉ်ကိုကျင်းပရာ ဒုတိယဆုရရှိသည့် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်က ချီးမြှင့်ပေးသည်။ ထို့နောက် ပွဲစဉ်အလိုက် ဂိုးအကောင်းဆုံးဆု၊ ဂိုးသွင်းအများဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသူများကို မြို့နယ်ဘောလုံးအဖွဲ့ချုပ်အဖွဲ့ဝင်များက ဆုချီးမြှင့်ပေးသည်။ ဆက်လက်၍ ပထမဆုရရှိသည့် အမှတ်(၄)ရပ်ကွက်၊ (က)အသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ငွေသားဆုနှင့် တံခွန်စိုက်ဖလားကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ကချီးမြှင့်ပေးသည်။ ထို့နောက် အမှတ်တရဓာတ်ပုံရိုက်ကူးကာဆုပေးပွဲကို ရုတ်သိမ်းလိုက်သည်။

အဆိုပါ အမျိုးသား(အလွတ်တန်း)ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ရပ်ကွက်ကျေးရွာများမှ ဘောလုံးအသင်း(၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)