ရမ်းဗြဲမြို့ရှိ စာပေချစ်မြတ်နိုးသူများ လက်ဝယ်အရောက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရမ်းဗြဲ  နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူပြည်သူများအနေဖြင့် စာအုပ်စာစောင်များကို အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက် ယနေ့နေ့လယ် ၁၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ Mobile စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ငှားရမ်းပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများသို့ သွားရောက်ငှားရမ်းပေးခဲ့ခြင်းဖြစ်ပြီး  စာကြည့်တိုက်သို့ လာရောက်ရန် မအားလပ်သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူပြည်သူများအတွက် သုတ/ရသ၊ မဂ္ဂဇင်းနှင့်ဝတ္ထုစာအုပ်စာစောင်များကို ယူဆောင်လျက် ငှားရမ်းပေးခဲ့ခြင်းဖြစ်သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာအုပ်စာစောင်များကို Mobile စနစ်ဖြင့် ငှားရမ်းပေးရာတွင် ဌာနဆိုင်ရာဝန်ထမ်းများသာမက ရပ်ကွက်နေပြည်သူများလည်း အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန် အိမ်တိုင်ရာရောက်စနစ်ဖြင့် အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)