ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲများကျင်းပ

ဗန်းမော်   နိုဝင်ဘာ   ၁၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ ဗန်းမော်မြို့နယ်တွင် အခြေခံပညာရေးဦးစီးဌာနက ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ နေ့ထူးနေ့မြတ်များကို သိရှိပြီး ဂုဏ်ယူတတ်စေရန်၊ မိမိနိုင်ငံကို ချစ်မြတ်နိုးတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်စေရန် ရည်ရွယ်၍ (၁၀၂)   နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲများကို နိုဝင်ဘာ ၁၆ ရက် နံနက် ၉နာရီခွဲခန့်က အခြေခံပညာအထက်တန်းကျောင်းများ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲများကို အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း မြဝတီခန်းမ၌ ကျင်းပရာ ကျောင်းအုပ်ဆရာမကြီးဒေါ်လဘန်အားဘူက အဖွင့် အမှာစကားပြောကြားပြီး လယ်ပြဆရာမဒေါ်တင်တင်မော်က အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံအကြောင်း အသိပညာပေး ပြောကြားခဲ့ကာ အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးခန့် တက်ရောက်ခဲ့သည်။

ထို့အတူ အဆိုပါအမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌လည်း ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာမကြီးဒေါ်နန်ရာက အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုလယ်ပြဆရာမ ဒေါ်ချိုနွဲ့က အမျိုးသား အောင်ပွဲနေ့ ပေါ်ပေါက်လာပုံ အကြောင်းကိုလည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်နန်ရာက အမျိုးသားအောင်ပွဲနေ့သည် ၁၉၂၀ ခုနှစ်က စတင်၍ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များနှင့် တိုက်ရိုက်သက်ဆိုင်ပါကြောင်း၊ လွတ်လပ်ရေးနေ့အစ အမျိုးသားအောင်ပွဲနေ့ကဟူ၍ပင် ခေါ်ဆို၍ရပါကြောင်း ဒီကနေ့ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များအနေဖြင့် မိမိနိုင်ငံ၏ အတိတ်သမိုင်းကြောင်းကို သိရှိရန် လိုအပ်ပါကြောင်း နိဂုံးချုပ်ဖြည့်စွက် ပြောကြားခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဗန်းမော်