ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၇/၂၀၂၂)ကျင်းပ

ဒဂုံမြောက် နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၇)ရပ်ကွက် ပင်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက “၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများအား မိမိတို့မြို့နယ်ရပ်ကွက်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်၍ အကျိုးပြုသောလုပ်ငန်းများဖြစ်‌စေရန်၊ ဆောင်ရွက်သည့် သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်တာဝန်ရှိသူများအား လုပ်ငန်းများနှင့်ပက်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြဆွေးနွေးသွားရန်၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ ပြည့်မီစေရေးကြီးကြပ် ဆောင်ရွက်သွားရန်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေမှ အဆိုပြုတင်ပြတောင်းခံထားသော စီမံကိန်းလုပ်ငန်း တစ်ခုချင်းအလိုက်၊ လိုအပ်ချက်များအလိုက် စိစစ်တင်ပြသွားရန်နှင့် လုံခြုံရေးအထူးဂရုစိုက်ဆောင်ရွက်၍ သတိဖြင့်နေထိုင် သွားလာကြရန်” ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံကိန်းဦးစီးမှူးက တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ၂၀၂၂-၂၀၂၃ ဘဏ္ဌာနှစ် စီမံကိန်းဆိုင်ရာ တိုးတက်‌ဆောင်ရွက်မှုများ အားရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်း ပြီးစီးမှုများအားတင်ပြကြပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေမှ အဆိုပြုတင်ပြတောင်းခံထားသော စီမံကိန်းလုပ်ငန်း များအလိုက် ဆွေးနွေးညှိနှိုင်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား‌ ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းသည်။

မြင့်မြင့်ရီ