မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ

ဒဂုံတောင် နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြိုသစ် (တောင်ပိုင်း)မြို့နယ် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသမှုကို ယနေ့ နံနက် ၈ နာရီခွဲက ဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးက  မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ် ကြုံလာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး မီးငြှိမ်းသတ်နည်းများသိရှိစေရန် လက်တွေ့သရုပ်ပြသခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး လက်တွေ့သရုပ်ပြသမှုကို မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်သူက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပြီး မီးလောင်မှုဖြစ်ပွား ခဲ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်မော်တော်ယာဉ်ဖြင့် ရေပက်ဖျန်းငြှိမ်းသတ်ခြင်း များကို   သရုပ်ပြသကြောင်းနှင့် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်က ကွင်းဆင်းကြည့်ရှု အားပေးကြောင်း သိရသည်။

သန်းသန်းအေး