နမ့်ခမ်း စက်တင်ဘာ ၂၀
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများအား နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ အား (Hand Speaker) များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်း(၁၀)နာရီအချိန်က နမ့်ခမ်းမြို့၊ မြို့နယ်ပထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နှာခေါင်းစည်းနှင့် (Hand Speaker)များ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သတ်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်က "ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မူဆယ်စီးပွားရေးလုပ်ငန်းရှင်များ အသင်းက လှူဒါန်းထားတဲ့ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို မူဆယ်ခရိုင် တာဝန်ရှိသူ များမှတစ်ဆင့် နမ့်ခမ်းမြို့နယ်အတွင်းမှာ တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးအတွက် နှာခေါင်းစည်း (Mask)အခုရေ(၃)သောင်းကို ပြန်လည်ပေးပို့လာတာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူများအနေဖြင့် ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်သည့်နေရာတွင် အသုံးပြုရန်အတွက် ယခုလို (Hand Speaker)များကို ပေးအပ်ရခြင်းဖြစ် ကြောင်း" ရှင်းလင်းပြောကြားပြီး နှာခေါင်းစည်း (Mask)နှင့် Hand Speakr များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လက်ဝယ်အသီးသီးပေးအပ်သည်။
ဆက်လက်ပြီး နမ့်ခမ်းမြို့နယ်၊ ဆေးရုံအုပ် ဒေါက်တာစိုင်းလှတင်က မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက် ထားရှိမှုအခြေအနေကို ရှင်းလင်းပြောကြား ပြီး ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများကို အပြန်အလှန်တင်ပြဆွေးနွေးကြ ကြောင်း သိရသည်။
ဘဦး(ပြန်/ဆက်)