မိုးညှင်းမြို့၌ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

မိုးညှင်း နိုဝင်ဘာ ၁၆

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အစည်းအဝေးတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဒေါ်နွယ်နွယ်အောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကလေးသူငယ်များအား ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုပေးခြင်း၊ ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်မှုရရှိခွင့်နှင့် လူ့အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေးတို့အတွက် စီမံဆောင်ရွက်ပေးခြင်းသည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းများဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် စီမံဆောင်ရွက်ထားရှိမှုနှင့် စီမံဆောင်ရွက်ကြမည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသီးသီးပါဝင်ဆွေးနွေးကြရာ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတဥက္ကဋ္ဌက အဆိုပါ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း