မိုင်းဆတ်မြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီက အ.မ.က (ဆိုက်ခေါင်)ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စန်းစန်းယဉ်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကျဉ်းကိုလည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတများစွာရရှိနိုင်ကြောင်း၊ ကျောင်းပိတ်ရက်များတွင် မိုင်းဆတ်ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကာ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်နှင့်ဓာတ်ပုံများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)