လားရှိုး နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ လားရှိုးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင်(၁၅)ဦး၊ ကဗျာပြိုင်ပွဲတွင် (၆)ဦး၊ ပန်းချီပြိုင်ပွဲတွင် (၉)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်(၁၄)ဦး၊ ကဗျာပြိုင်ပွဲတွင်(၁၀)ဦး၊ ပန်းချီပြိုင်ပွဲတွင်(၁၁)ဦး၊ မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင်(၁၉)ဦး၊ ကဗျာပြိုင်ပွဲတွင် (၇)ဦး၊ ပန်းချီပြိုင်ပွဲတွင်(၁၀)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၀၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ များအား လားရှိုးမြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား နိုဝင်ဘာလ(၁၇)ရက်နေ့ တန်ဆောင်မုန်း လပြည့်ကျော်(၁၀)ရက်နေ့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပမည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး