တောင်ကြီး စက်တင်ဘာ ၂၀
၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှကြီးမှူး၍ စုပေါင်းသွေးလှူဒါန်းပွဲ ကို ယမန်နေ့နံနက် ၉ နာရီအချိန် က တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌ ပြုလုပ်ခဲ့သည်။
အဆိုပါ သွေးလှူဒါန်းပွဲကျင်းပရာတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုနှင့် ရဲအရာရှိကြီးများ က အမျိုးသမီးနှင့် ကလေးဆေးရုံတွင် သွေးလှူဒါန်းနေသော တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား လိုက်လံကြည့်ရှု အားပေး၍ အစားအသောက်များ လှူဒါန်းပေးခဲ့ကြသည်။
စုပေါင်းသွေးလှူဒါန်းရာတွင် သွေးအိတ်ပေါင်း (၈၅)အိတ်အား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို မှ သွေးအိတ်များပေးအပ်ရာ ဒုတိယဆေးရုံအုပ်ကြီး ဒေါ်ခင်မိုမို က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့သည်။ အဆိုပါသွေးလှူဒါန်းရာတွင် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ သွေးအိတ် (၂၃) အိတ်၊ အမှတ် (၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်)က သွေးအိတ်(၃၂)အိတ်၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှ သွေးအိတ် ၃ အိတ်၊ အမှတ်(၂) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ခွဲမှ သွေးအိတ်(၉)အိတ်၊ သတင်းရဲတပ်ဖွဲ့ အမှတ်(၁၄) တပ်ဖွဲ့ခွဲမှ သွေးအိတ် (၄) အိတ်၊ အမှတ် (၁၅) မှုခင်းရဲတပ်ဖွဲ့ (CID) မှ သွေးအိတ် (၁) အိတ် စုစုပေါင်း (၈၅) အိတ်ဖြစ်ကြောင်း သိရသည်။
သွေးလှူဒါန်းပွဲသို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးဇော်မင်းအောင်၊ ဒုတိယရဲမှူးကြီး ဝင်းသိန်း၊ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဇော်ဌေးဦး၊ သတင်းရဲတပ်ဖွဲ့ခွဲအမှတ် (၁၄)တပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ဇော်မင်းဦး၊ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူးကြီး ကျော်ကျော်ညွှန့်၊ အမှတ် (၂) မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်မြင့်၊ အမှတ် (၁၈) ယာဉ်ထိန်းရဲတပ် ဒုတပ်ဖွဲ့ခွဲ မှူးရုံး(ရှမ်းတောင်) တပ်ဖွဲ့ခွဲမှူး ရဲမှူးထွန်းနိုင်အောင်၊ အမှတ် (၁၅) မှုခင်းရဲတပ်ဖွဲ့ (CID) မှ ရဲမှူးညွှန့်ဝင်း၊ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)