“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ ဟိုပန်၌ ပြုလုပ်

ဟိုပန် နိုဝင်ဘာ ၁၆

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသခံတောင်သူ များအား ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်ပြုလုပ်ရာ စိုကပျိုးရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြသည်။

 အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးလှမိုးကျော်က ယခု ထောက်ပံ့ပေးသည့် ဓာတ်မြေဩဇာသည် စိုက်ပျိုးရေးကဏ္ဍတွင် နေကြာ၊ နှံစားပြောင်း၊ ယာစပါး၊ တောင်ယာစပါး၊ အာလူးစသည့် စံပြကွက်၊ စမ်းသပ်ကွက်များ၊ မျိုးစေ့ထုတ် လုပ်ငန်းတို့တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် အကျိုးဆောင် တောင်သူများကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်ပေးခြင်း၊ နည်းပညာများဖြန့်ဖြူးပေးခြင်း၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံများ ရရှိရေး စမ်းသပ်ကွက်များ သုတေသနပြုဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊  စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများအနေဖြင့် စိုက်ပျိုးရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးချိုလေးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်တွင် စားသုံးဆီဖူလုံရေးအတွက် စီမံချက်အရ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးမှုအခြေအနေ၊ မျိုးကောင်းမျိုးသန့်များ ရှာဖွေပေးမှုအခြေအနေ၊ စိုက်ပျိုးရေးနည်းစနစ်များ ကူညီ ဆောင်ရွက်ပေးမှုအခြေအနေ၊ “ဝ”တောင်တန်းမျိုးစေ့ထုတ် သမဝါယမအသင်းမှ ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများကို အသိပေးရှင်းလင်းပြောကြားခဲ့ပါသည်။

 ထို့နောက် ခရိုင်ဦးစီးမှူး ဦးလှမိုးကျော်နှင့် တာဝန်ရှိသူများက တောင်သူများကို ယူရီးယား ဓာတ်မြေဩဇာများကို ပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့ပြီး ဟာဖြတ်ကျေးရွာ အုပ်စုမှ တောင်သူဦးကျထောက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဟိုပန်မြို့နယ်တွင်းရှိ စိုက်ပျိုးရေး ကဏ္ဍ အကျိုးဆောင်တောင်သူ (၁၁၇)ဦးကို ယူရီးယားဓာတ်မြေဩဇာအိတ် (၅၀၀) အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိသော ဓာတ်မြေဩဇာများကို နိုင်ငံတော်မှ သတ်မှတ်ထားသည့် နှုန်းထားဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်