တောင်ဥက္ကလာပမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ သတင်းမှား၊ သတင်းမှန် ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

တောင်ဥက္ကလာပ နို၀င်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ သီရိမြန်မာခန်းမ၌ သတင်းမီဒီယာကောင်စီနှင့် ပညာရေး၀န်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော သတင်းမှား၊ သတင်းမှန်ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀:၃၀) အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးအောင်ပြည့်စုံနှင့် ကောင်စီ၀င် ဦးနေထွန်း၀င်းတို့မှ ကျောင်းသားကျောင်းသူများအား သတင်းမှား၊ သတင်းမှန်ခွဲခြား သုံးသပ်တတ်စေရန်နှင့် သတင်းတစ်ခုကို စိတ်ခံစားချက်အလိုက် မယုံကြည်ပဲသေချာ စိစစ်တတ်စေရန်၊ Information Techonology ဆိုင်ရာသိမှတ်ဖွယ်ရာ များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)မှ ဘ၀မှာ အမှား၊ အမှန် ဆုံးဖြတ်ပိုင်းခြားနိုင်ဖို့ စာပေအသိရှိဖို့ လိုကြောင်းနှင့် စာပေကဗျာဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဆက်လက်ဆွေးနွေးဟောပြော ခဲ့ပါသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်အမှာစကားပြောကြားကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သတင်းရသည်။

အင်ကြင်း (ပြန်/ဆက်)