ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပုဗ္ဗသီရိ နိုဝင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်တို့က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ ဦးဌေးဦး (နွေဦးကိုကို)၊ စာရေးဆရာ ဦးဘိုသန်း (ဘုန်းရဲနိုင်-ဂန့်ဂေါ)တို့က အမျိုးသားအောင်ပွဲနေ့သည် နှစ်ပေါင်းတစ်ရာကျော် ရှိပြီ ဖြစ်ကြောင်း၊ ယနေ့အချိန်ထိ ပြည်သူလူထုစိတ်ထဲ၌ အမျိုးသားရေး စိတ်ဓာတ်များ ကိန်းအောင်းလျက်ရှိပါကြောင်း၊ အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံအားနည်းပါးသူ များပြားပါက တိုင်းပြည် အလုံးစုံပျက်စီးနိုင်ပါကြောင်း၊ လူငယ်များအနေနှင့် အမျိုးသားရေး စိတ်ဓာတ် ထက်သန်နိုးကြားရန်လို ကြောင်း စသည့်အကြောင်းအရာများကို ပြည့်စုံစွာ ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများက ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ/ ရသစာအုပ် စာစောင်များနှင့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ် စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရူခဲ့ကြောင်း သိရသည်။

သားငယ်(ပုဗ္ဗ)