လှိုင် နိုဝင်ဘာလ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး နယ်လှည့်ဟောပြောပွဲကို အ.မ.က.(၃၀)ကျောင်း၌ ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းသီတာမိုးက ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် (၁၀)ရက်နေ့တွင် ပေါ်ပေါက်ခဲ့သည့် ကောလိပ်သပိတ်သည် မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့ သိမ်းပိုက်လိုက်သည်မှစ၍ လူမျိုးခြား လက်အောက်မှ ပြန်လည်လွတ်မြောက်ရေးအတွက် စတင်လိုက်သည့် အမျိုးသားတော်လှန်ရေးကြီးပင် ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ် သပိတ်မှ အစပြု၍ မြန်မာနိုင်ငံလွတ်လပ်ရေးရသည်အထိ ပြည်သူတစ်ရပ်လုံးသည် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေး စိတ်ဓာတ်များ ပေါ်ပေါက် လာခဲ့ပြီး ဝံသာနုစိတ်ဓာတ်အခြေခံကာ အမျိုးသားစည်းလုံးညီညီတ်မှုဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ရာ ထိုအချိန်မှစ၍ တိုင်းရင်းသား ပြည်သူများ၏ စိတ်နှလုံးတွင် အမျိုးသားရေး စိတ်ဓာတ်များ ကိန်းအောင်းခဲ့ရာ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်များကို နှစ်စဉ် ကျင်းပလာခဲ့ရာ ယခုအချိန်တွင် (၁၀၂) နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်းစသည့် အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သတင်းရသည်။
ကျော်ရဲအောင် (ပြန်/ဆက်)