ပင်လောင်း နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း-ခွဲ(ဆောင်းဆီး)တွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းလင်းက ကိုလိုနီခေတ်တွင် "ကျွန်ပညာရေး" စနစ်မှသည် "သခင်ပညာရေး" စနစ်ဖြစ်ပေါ်လာစေရန် မျိုးချစ်ကျောင်းသားခေါင်းဆောင်ကြီးများ၏ အသက်၊ သွေး၊ ချွေးများရင်းနှီးခဲ့ရသည့်အကြောင်းရင်းများ၊ အမျိုးသားကျောင်းများ နိုင်ငံတစ်ဝှမ်းပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရပုံများ၊ ဝိုင်အမ်ဘီအေအသင်းကြီးတွင် တာဝန်ထမ်းဆောင်ခဲ့သူများအကြောင်း၊ ဂျီစီဘီအေအသင်းချုပ်ကြီးက သပိတ်မှောက်ကျောင်းသားများအား ကူညီဆောင်ရွက်ပေးခဲ့သည့်အကြောင်းများ၊ ဗဟန်းမြို့နယ် ရွှေကျင်ကျောင်းတိုက်၌ အမျိုးသားကောလိပ်စတင်ဖွင့်လှစ်နိုင်ခဲ့မှုအခြေအနေများ၊ အမျိုးသားကျောင်းများတွင် ပညာလေ့လာဆည်းပူးခဲ့သည့် မျိုးချစ်ခေါင်းဆောင်ကြီးများအကြောင်းနှင့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းများ ဟောပြောခဲ့ပြီး(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။
ယနေ့နံနက်ပိုင်းကလည်း အခြေခံပညာအထက်တန်း ကျောင်း-ခွဲ(ရင်းမှီး)တွင် (၁၀၂)နှစ်မြောက်အမျိုးသားအေင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)