မိုင်းပျဉ်း နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်မှုကို ယနေ့မွန်းလွဲ ၂ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ စာပေဗဟုသုတလေ့လာခြင်းဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများကြီးမားပုံ၊ မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိမာန်အကြောင်းတို့ကို အသိပညာပေး ဟောပြောဆွေးနွေးပါသည်။ ထို့နောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ စာပေ၏တန်ဖိုးကိုသိရှိပြီး အသိပညာဗဟုသုတရရှိစေရန်အတွက် စာအုပ်စာစောင်ပြသခြင်းကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်မှုတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နန်းသန္တာဦး(ပြန်/ဆက်)