သင်္ဃန်းကျွန်း နိုဝင်ဘာ ၁၅
သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၁၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီက အမှတ် (၁၈) အခြေခံပညာ အလယ်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးအောင်ဘုန်းက မြန်မာနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးဖြစ်သည့် အမျိုးသား အောင်ပွဲနေ့ဖြစ်ပေါ်လာပုံနှင့် အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်းများကို ဟောပြောခဲ့ပြီး အမျိုးသားနေ့ကို အစဉ်အမြဲသတိရစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ ပညာဗဟုသတရရှိစေရန်နှင့် အမျိုးသားအောင်ပွဲနေ့အကြောင်း ပိုမိုသိရှိစေရန်အတွက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင် ပြသပေးခြင်းနှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာဖြင့် ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုဘုန်း(သင်္ဃန်းကျွန်း)