သိန္နီ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္န္နီမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် အသိပညာဗဟုသုတတိုးပွားစေရန်၊ စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြိုနယ်ပညာရေးမှူး ဒေါ်သူဇာအေးက အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်းများ၊ မျိုးချစ်ကျောင်းသားခေါင်းဆောင်ကြီးများ၏ စိတ်အားထက်သန်စွာ ကြိုးစားခဲ့ကြပုံများ၊ အမျိုးသားအောင်ပွဲနေ့အား အစဉ်သတိရ၍ တန်ဖိုးထားမြတ်နိုးကြရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က မိမိတို့ဌာနအနေဖြင့် ပြည်သူများအား အသိပညာဗဟုသုတများရရှိစေသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ ကြွယ်ဝစေရန် ယခုဟောပြောပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်ချိန်များကို စာပေဖတ်ရှု၍ ဗဟုသုတရှာဖွေမှတ်သားခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာအုပ်စာပေများနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန် စာအုပ်စာစောင်များကို ခင်းကျင်းပြသပေးခြင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲအခမ်းအနားသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၂၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)