ခရမ်းမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပ

ခရမ်း  နို၀င်ဘာ ၁၅

၂၀၂၂- ခုနှစ်၊ နို၀င်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် "အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားအောင်ပွဲနေ့၏ ဦးတည်ချက်များနှင့် ဆောင်ပုဒ်၊ မျိုးချစ်စိတ်ဓါတ်များ နိုးကြားလာကာ မြန်မာ့လွတ်လပ်ရေးကို အရယူသည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊ မြန်မာနိုင်ငံ၏ အမျိုးသားနေ့အဖြစ် သတ်မှတ်ရန်အကြိမ်ကြိမ် ဆွေးနွေးခဲ့မှုများ၊ အမျိုးသားအောင်ပွဲနေ့ကို သတ်မှတ်ခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့မှုများနှင့် အနာဂတ်လူငယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် ဂုဏ်ကျေးဇူးများကို မမေ့မလျော့ လက်ဆင့်ကမ်း အလေးအမြတ်ထားကြရေး စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေး၍ နို၀င်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Talk Show ကိုကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ် Book Club အဖွဲ့ဝင် ဦးတင်ရွှေက ၁၉၂၀ ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ကျွန်ပညာရေးစနစ်ကို ကျောင်းသား/သူများ မနှစ်သက် သည့်အတွက် သပိတ်မှောက်၍ ဖြစ်ပေါ်လာသောနေ့တစ်နေ့ ဖြစ်ပါကြောင်း၊ ၁၉၂၀ ခုနှစ်တွင် ပြဌာန်းခဲ့သော ရန်ကုန်တက္ကသိုလ်အက်ဥပဒေအရ မြန်မာနိုင်ငံတွင် ယုတဿန်ကောလိပ်နှင့် ရန်ကုန်ကောလိပ်ဟူ၍သာရှိပြီး ဗြိတိသျှအစိုးရက ကောလိပ်နှစ်ခုကိုပေါင်း၍ ရန်ကုန်တက္ကသိုလ် ဖွင့်လှစ်ရန်အတွက် ရန်ကုန်တက္ကသိုလ်အက် ဥပဒေကိုရေးဆွဲရာတွင် ချမ်းသာကြွယ်၀သော မိသားစု၀င်များ၏ သားသမီးများသာသင်ယူစေခြင်း၊ တက္ကသိုလ်အပ်ဥပဒေအရ  ကျောင်းသားဦးရေကို ကန့်သတ်ထားခြင်း၊ ကျောင်းအိပ် ကျောင်းစားဖြစ်ရမည်ဟု သတ်မှတ်ခြင်းတို့ကြောင့် အင်္ဂလိပ်အစိုးရ ရေးဆွဲထားသော ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို မကျေနပ်သည့်အတွက်‌ကျောင်းသားသူများက သပိတ်မှောက်ခဲ့ရာ တစ်နိုင်ငံလုံး ရှိပြည်သူများ ပါ၀င်လာခဲ့ကြသည်။ စတင်သပိတ်မှောက်သောနေ့ကို ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ  ရက်၊ မြန်မာသက္ကရာဇ် ၁၂၈၂ ခု တန်ဆောင်မုန်းလ ပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သက်မှတ်ခဲ့ကြောင်း စသည့်အမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အထိမ်းအမှတ်နေ့များတွင် အသိပညာဗဟုသုတ ရရှိအောင် လူငယ်များအတွက် Online Talk Show များဖြင့် အသိပညာပေး လုပ်ငန်းများကို   စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း (ခရမ်း)