နမ့်ဆန် နိုဝင်ဘာလ ၁၅
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၁)နာရီက စာရေးသူ မောင်ကျေးဇူး၏ “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်” စာအုပ်ပါ အကြောင်းအရာအား စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က ကျောင်းသားလူငယ်များ စာပေကို လေ့လာဖတ်ရှုခြင်း အလေ့အကျင့်ကို ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်”စာအုပ်ပါ အကြောင်းအရာဖြစ်သော“စဉ်လာဆုံးမ ဩဝါဒ ရှောင်ကြဉ်မူး ယစ်ဆေး”ပါအကြောင်းအရာမှ သုရာမေရယမဇ္ဇဆိုသည်မှာ မူးယစ်မေ့လျော့စေတတ်သော အရက်သေစာဟူရာ၌ သောက်ရှူ စားသုံးသူကို မူးယစ် မေ့လျော့စေတတ်သော သောက်စရာ၊ ရှူစရာ၊ စားစရာ ဟူသမျှကိုခေါ်ကြောင်း ၊ မင်္ဂလာသုတ်ဆုံးမစာတွင် “မဇ္ဇပါန ယစ်မျိုးစ ရှောင်ကြလူတကာဆိုသည့်အတိုင်း မူးယစ်မေ့လျော့စေသည့်အတွက် လူတိုင်းရှောင်ကြစေလို ကြောင်း၊ ဆရာတော်ဦးဗုဓ်က အရက်သေစာသောက်စားခြင်း၏ အပြစ်ခြောက်ပါးကို “ဉစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ ရောဂါထူပြော ကျော်စောမဲ့ထုံ မလုံအင်္ဂါ ပညာနည်းရှာ ဤခြောက်ပါးကား သောက်စားသေစာ အပြစ်တည်း”ဟု ဆိုထားသကဲ့သို့ အဆိုးဝါးဆုံး မူးယစ်ဆေးဝါးဖြစ်သော ဘိန်းဖြူများကို မှီဝဲသုံးစွဲပါက စီးပွားရေးထိခိုက်ပျက်ပြားစေခြင်း၊ သတိကင်းလွတ်ပြီး အရှက်အကြောက်ခေါင်းပါး၍ အမှားအမှန် အဆိုးအကောင်း မခွဲခြားတတ်ခြင်း ၊ ခိုက်ရန်ဒေါသဖြစ်၍ ပြစ်မှုကျူးလွန်ရန် ဝန်မလေးခြင်း၊ ကိုယ်လက်အင်္ဂါတုန်၍ ရောဂါများပြီး အသက်တိုခြင်း၊ ကိုယ်ကမွေးသော သားသမီးပါ ကိုယ်စိတ်ထိခိုက်စေခြင်းစသော မကောင်းကျိုး ဆိုးပြစ်များကြောင့် မူးယစ်မေ့လျော့စေတတ်သော သေရည်သေရက်နှင့် မူးယစ်ထုံထိုင်းဘေး ဖြစ်စေသော မူးယစ်ဆေးဝါးမှန်သမျှကို ရှောင်ရှားပြီး လူကောင်းသူကောင်းများဖြစ်အောင် ကိုယ့်ကိုယ့်ကို ပျိုးထောင်၍ လောကကို အလှဆင် ကြရန်လိုအပ်ကြောင်း စာအုပ်ပါ အကြောင်းအရာကို အကျယ်တဝင့် ဆွေးနွေးပြီး မဝါဝါလွင်က”ထန်းရည်အရက် တစ်ချက်ကိုကင်း ဘိန်းဘင်းကစော် လှော်စာသောက်စား ပြုသူများ စီးပွားပျက်မည်သိ “ ဆုံးမစာပါအတိုင်း ထန်းရည် ၊ အရက်၊ ကိုကင်း၊ ဘိန်းဘင်း၊ ကစော်၊ လှော်စာ စသည်တို့ကို သောက်စားမှီဝဲသူများ အကျိုးစီးပွား ထိခိုက်ပျက်ပြားမည်ဖြစ်သည့်အတွက် မူးယစ်ဆေးကို ဝေးဝေးရှောင်ရှားစေလိုပါကြောင်း ဆွေးနွေးပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများမှလည်း စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
နမ့်ဆန်မြို့ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိ ပညာပေးဆွေးနွေးပွဲများ လစဉ်ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသားလူငယ်များ စာပေကို ဖတ်ရှုသည့် အလေ့အကျင့်ရရှိစေရန်နှင့် အမှားအမှန်ကို ပိုင်းခြားသိပြီး ပူးပေါင်းဆွေးနွေး ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ခရိုင်