(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ပျဉ်းမနား နိုဝင်ဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နေပြည်တော်တိုင်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားခဲ့ပြီး စာရေးဆရာခိုင်းမင်း(နေပြည်တော်)က အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ အမျိူးသားပညာရေးအကြောင်း အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်းများအား ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ရုံးဝန်ထမ်းများက အမျိုးသားရေးအားမာန်၊ လူငယ်တွေရဲ့ခေတ်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏ အမည်များ၊  မှန်ကန်သောမျိုးချစ်စိတ်ဓာတ်များရရှိရန် အထူးလိုအပ်၊ သူကျွန်မခံအမျိုးသားမာန်၊ ပညာရေးမျှော်မှန်းချက် စသည့်ခေါင်းစဉ်များပါဝင်သည့် "သတင်းစကား" လက်ကမ်းစာစောင်အား ဖြန့်ဝေခဲ့ကြသည်။

ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြသည်။

မျိုးသီဟ(ပြန်/ဆက်)