စဉ့်ကိုင် နို၀င်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် (၁၀၂)နှစ်မြှောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဆုပေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့သမိုင်းကို ပိုမိုသိရှိစေရန်နှင့် အသိပညာဗဟုသုတ ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများနှင့် ဆုပေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ပြိုင်ပွဲများကိုဆက်လက်ကျင်းပဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာဦးဝင်းကြည်(စဉ့်ကိုင်)၊ ဆရာ/ ဆရာမများ၊နှင့် ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများတက်ရောက်ကြပြီး မူလတန်းအဆင့် ပုံပြောပြိုင်ပွဲတွင်(၁၀)ဦး၊ မူလတန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲတွင်(၁၅)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကျော့မူယာမောင်