မာန်အောင်မြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

မာန်အောင် နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများသို့သွားရောက်ပြီး အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှထုတ်ဝေသည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားအသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ၂၈-၁၁-၂၀၂၁ ရက်တွင် (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှကောက်နှုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း ၂၃-၁-၁၃၆၄ ရက်နေ့ ဖဆပလပြည်လုံးကျွတ်ညီလာခံကြီးတွင်တင်သွင်းသော ညီညွတ်ရေးအဆိုမှကောက်နှုတ်ချက်၊ အမျိုးသားရေးအားမာန်၊ ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်များနှင့် ကဗျာဆရာဘိုမျိုး(ရွှေဘို)ရေးသားသည့် သူ့ကျွန်မခံအမျိုးသားအားမာန်ကဗျာနှင့် သရုပ်ဖော်ကာတွန်းများ စသည်တို့ပါရှိကြောင်း သိရှိရသည်။

သိန်းဖေ