ဒဂုံအရှေ့ နိုဝင်ဘာ ၁၅
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၁၇) ရက်နေ့တွင်ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း တွင် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများသွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပညာရေးမှူး ဒေါ်ထူးထူးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန် က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံနှင့် အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်းများ၊ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးဖြစ်သည့် အမျိုးသား နေ့ကို အစဉ်အမြဲသတိရစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသော (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ပါ ၂၀၂၂ ခုနှစ် ဦးတည်ချက်များ၊ ကဗျာ၊ ဆောင်ပုဒ်၊ ဆောင်းပါးအကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြော ခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာမင်းက ယခုလို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသတရရှိအောင်၊ နေ့ထူးနေမြတ်များအကြောင်း သိရှိစေရန်နှင့် အမှားအမှန် ပိုင်းခြားတတ်စေရန် လာရောက်ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ခင်းကျင်းပြသထားသော (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အသိပညာပေးနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသပေးခြင်း၊ စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာဖြင့် ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)