ရန်ကင်း နိုဝင်ဘာ ၁၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ကျောင်းသား/သူများ၊ လူငယ်လူရွယ်များ အနေဖြင့် အမျိုးသားရေးစိတ်ဓာတ် ထက်သန်နိုးကြားလာစေရန်၊ အမျိုးသားအောင်ပွဲနေ့အကြောင်း ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀:၀၀ နာရီ က ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်နှင့် ဝန်ထမ်းများသည် ဦးစီးဌာနက ထုတ်ဝေသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများထံ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားရေးအားမာန်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ လူငယ်တွေရဲ့ခေတ်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ မှန်ကန်သော မျိုးချစ်စိတ်ဓာတ်များရှိရန် အထူးလိုအပ်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဂုဏ်ပြုကာတွန်း၊ ကဗျာ၊ ဆောင်ပုဒ်နှင့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို ဖော်ပြထား ကြောင်း သိရသည်။
သို့ဖြစ်ရာ ကျောင်းသား/သူများမှ သတင်းစကားလက်ကမ်းစာစောင်နှင့် ပတ်သက်ပြီး သိရှိလိုသည် များကို မေးမြန်းကြရာ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင် က တန်ဆောင်မုန်းလပြည့် ကျော် (၁၀) ရက်နေ့သည် အမျိုးသားအောင်ပွဲနေ့ဖြစ်ပြီး မြန်မာတစ်မျိုးသားလုံး မီးခဲပြာဖုံး ဖြစ်နေ သော အမျိုးသားရေးစိတ်ဓာတ်များ စတင်ထက်သန်နိုးကြားလာခဲ့သောနေ့ဖြစ်ကြောင်း ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
အိရွှေစင်(ပြန်/ဆက်)