တာမွေမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်

တာမွေ နိုဝင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စီစဉ်တင်ဆက်သော (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။

အဆိုပါ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး Talk Show အစီအစဉ်တွင် တာမွေမြို့နယ် ပညာရေးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမောင်မောင်အေးက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ၊ နယ်ချဲ့အင်္ဂလိပ်တို့၏ ကျွန်ပညာရေးစနစ်ကို မြန်မာတစ်မျိုးသားလုံးက လက်မခံနိုင်သဖြင့် နည်းမျိုးစုံဖြင့် သပိတ်မှောက်ခဲ့ကြပုံများ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုခဲ့ကြသော ကျောင်းသားကြီး(၁၁)ဦးတို့၏ အရည်အချင်းများနှင့် မျိုးချစ်စိတ်ဓာတ် ပြင်းထန်ပုံများ၊ အမျိုးသားပညာရေးနှင့် အမျိုးသားရေးစိတ်ဓာတ်ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အမျိုးသားပညာရေးသည် တိုင်းပြည်တစ်ပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ သာသနာရေး ကိစ္စရပ်များ၏ အခြေခံစစ်စစ်ဖြစ်ကြောင်း၊ အမျိုးသားအောင်ပွဲနေ့သည် အမျိုးသားရေးစိတ်ဓာတ် အခြေခံကို မွေးဖွားပေးနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်သည့်အတွက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားများကို ဝံဿနုစိတ်ဓာတ်ရှင်သန်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး၊ အမျိုးသားပညာရည်မြင့်မားရေး၊ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်မြဲရေး၊ မျိုးချစ်စိတ်ဓာတ်ကိုအရင်းခံပြီး အမျိုးဘာသာ၊ သာသနာအတွက် ကာကွယ်စောင့်ရှောက်ရေး စသည့်ရည်မှန်းချက်များဖြင့် နှစ်စဉ်ကျင်းပပြုလုပ်နေမှုများကို မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး “နိုင်ငံဘက်စုံံဖြိုးဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်စေရန်၊ ကောင်းမြတ်မှန်ကန်သော မျိုးချစ်စိတ်၊ တိုင်းပြည် ချစ်စိတ် ထာဝရရှင်သန်ထက်မြက်စေရန်၊ အမျိုးသားပညာရည်မြှင့်တင်လျက် စွမ်းဆောင်ရည် မြင့်မားသော နိုင်ငံသားများ ပေါ်ထွန်းလာစေရန်၊ မြန်မာ့လူမှုစီးပွားရေးကို ခေတ်မီနည်းပညာ စွမ်းအားဖြင့် မြင့်မားအောင်ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေး ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show များကို ထုတ်လွှင့်ပေးလျက်ရှိပြီး အဆိုပါ အသိပညာပေး အစီအစဉ်များကို တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ရက် စာမျက်နှာတွင်လည်း အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

နိုင်လင်းအောင်(တာမွေ)