ဝိုင်းမော် နိုဝင်ဘာ ၁၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများဖြင့် စာရေးဆရာမောင်စည်သူ(အဖျောက်) ရေးသားထားသည့် “တာဝန်သိစိတ် တာဝန်ယူစိတ်” ကလေးဝတ္တုတိုများစာအုပ်ဖြင့် ယမန်နေ့နံနက် (၁) နာရီအချိန်က စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က ယခုအခါ လူငယ်လူရွယ်များ စာပေလေ့လာဖတ်ရှုမှု အားနည်းလာသောကြောင့် လူငယ်လူရွယ်များစာပေဖတ်ရှုမှု အလေ့အထကောင်းများ ရရှိစေလာရန်၊ စာကြည့်တိုက်များကို ကောင်းမွန်စွာ အသုံးချလာကြစေရန်၊ အားလပ်ချိန်များကို အလဟသ မဖြစ်စေရန်ရည်ရွယ်၍ ယခုလိုစာဖတ်ဝိုင်း ပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး စာကြည့်တိုက်လက်ထောက်-၃ ဦးဇယ်ဇောင်းမှ စာအုပ်ပါခေါင်းစဥ်များအနက်မှ "ကလေးလူငယ်နှင့် စာပေ"ကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူ မလကွမ်ဒေါင်လွမ့်က စာအုပ်ပါ “စာပေအသိ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတွင် ပါဝင်သူများက မိမိတို့ဖတ်ကြားလိုရာ စာအုပ်ပါ ခေါင်းစဉ်များဖြင့် အလှည့်ကျ ဖတ်ကြားဆွေးနွေးခဲ့သည်။
ဖြူစင်(ပြန်/ဆက်)