ချမ်းမြသာစည်မြို့နယ်၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများကျင်းပ

ချမ်းမြသာစည် နိုဝင်ဘာ ၁၅

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (CommunityCentre) ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် အာလူးကောက်ပြိုင်ပွဲများကို ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက ပြိုင်ပွဲစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကလေးများအနေဖြင့် နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအမှတ်ရနေစေရန် ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲများကိုဆက်လက်ကျင်းပခဲ့ရာ ကဗျာရွတ်ပြိုင်ပွဲတွင် မူကြိုကလေးငယ်(၃၀)ဦး၊ ပုံပြောပြိုင်ပွဲတွင်(၂၀)ဦး၊ အာလူးကောက်ပြိုင်ပွဲ(၃၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဆုရရှိသောမူကြိုကလေးငယ်များအား ဒု-ဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်နှင့် မူကြိုဆရာမများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးပြိုင်ပွဲသို့ တက်ရောက်လာသော ကလေးငယ်များအား ပုံဆွဲနှင့်ဆေးရောင်ခြယ်စာအုပ်များ၊ မုန့်များကိုလက်ဆောင်ပေးအပ် ခဲ့သည်။

ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် မူကြိုအရွယ်ကလေးငယ်များမှစ၍ ကျောင်းသား/ ကျောင်းသူများ၊ လူငယ်လူရွယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်းပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်ကိုအသုံးပြုတတ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show)များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်စိမ်းဝင်း