သိန္နီမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

သိန္နီ အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား အမျိုးသားအောင်ပွဲ နေ့အား အစဉ်သတိရ၍ မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ယှဉ်ပြိုင်တတ်သည့် အလေ့အကျင့်ကောင်း များ ရရှိစေရန်နှင့် ဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က ပြိုင်ပွဲတွင် သတ်မှတ်ထားသော စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲအား ကျင်းပရာ သိန္နီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးက “မြတ်နိုးတန်ဖိုးထားအပ်သော အမျိုးသားအောင်ပွဲနေ့” ခေါင်းစဉ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများအား အထက(၁) ရွှေစင်ခန်းမတွင် ကျင်းပပြုလုပ်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားတွင် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)