တာချီလိတ်မြို့၌ မိုးစပါးအထွက်နှုန်း မှန်ကန်ရေး စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

တာချီလိတ် နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ မိုးစပါးအထွက်နှုန်းမှန်ကန်ရေး စံကွက်ရိတ်သိမ်းပွဲကို မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၄၆/ဝမ်နားကွင်းရှိ တောင်သူ ဦးစိုင်းလုံကျောက်၏ လယ်မြေ(၂ ဒဿမ ၅၀)ဧကတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍လည်းကောင်း၊ တာချီလိတ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးရန်နိုင်ထွန်းက မိုးစပါးစံကွက် ရိတ်သိမ်းခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် စံကွက်ရိတ်သိမ်းပွဲကျင်းရာ ဆင်းဧကရီ-၃ စပါးမျိုး တစ်ဧက (၁၂၆ ဒဿမ ၃၀) တင်းထွက်ရှိကြောင်း၊ စပါးတစ်ဧက စိုက်ပျိုးစရိတ်ကုန်ကျငွေကျပ် -၅၉၀,၀၀၀/ ဖြစ်ပြီး ဒေသပေါက်ဈေးမှာ စပါးတစ်တင်းလျှင် ကျပ်-၁၁,၂၀၀/-ဖြစ်၍ စပါးတစ်ဧကမှရရှိသည့် ဝင်ငွေမှာ ကျပ် - ၁,၄၁၄,၅၆၀/-ဖြစ်သဖြင့် စပါးတစ်ဧကမှရရှိသည့် အသားတင်အကျိုးအမြတ်မှာ ကျပ်-၈၂၄,၅၆၀/- ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ သိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျနှင့် တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဇော်(တာချီလိတ်)