နောင်ချို နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောက်ဂူ(မူလွန်) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲ၊ စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများနှင့် ပြပွဲ၊ ပြခန်းများ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်က အဆိုပါကျောင်းတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ကျောင်းသား၊ ကျောင်းသူများ၏ ရင်ထဲတွင် စစ်မှန်သော မျိုးချစ် စိတ်ဓာတ်များ ထာဝစဉ် ကိန်းအောင်းနေစေရန်နှင့် နေ့ထူးနေ့မြတ်ဖြစ်သည့် အမျိုးသားအောင်ပွဲနေ့ကို မမေ့လျော့စေရန် ရည်ရွယ်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်များကို ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီးနောက် “ရင်ဝယ်မမေ့ အမျိုးသားအောင်ပွဲနေ့” ခေါင်းစဉ်ဖြင့် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးပေါင်ခန့်လန်က “စားသုံးသူများ၏ အခွင့်အရေး” ခေါင်းစဉ်ဖြင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာများအကြောင်းနှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအကြောင်းကို ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောက်ဂူ(မူလွန်) ကျောင်းအုပ်ဆရာကြီး ဦးညွန့်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြဘုတ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)