တံတားဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင်(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကျင်းပ

တံတားဦး နိုဝင်ဘာ ၁၅

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရေး၊ နေ့ထူးနေ့မြတ်များသိရှိစေရေးနှင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများသိရှိစေရန်ရည်ရွယ်ယ်၍ ယနေ့နံနက်(၁၀)နာရီက ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း အထက်တန်းပြဆရာ ဦးမင်းမင်းကျော်က အမျိုးသားအောင်ပွဲနေ့အကြောင်းအရာများနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရေးအတွက် စာအုပ်စာစောင်များဖတ်ရှုရေး၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း စတင်ဖြစ်ပေါ်သည့်ကာလ၊ အမျိုးသားပညာရေး ဗြိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေများ၊ အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ နိုင်ငံတော်၏သမိုင်းကြောင်းကို နားလည်ပြီးအမျိုးသားဘာ/သာသနာကို ကာကွယ်စောင့်ရှောက်၍ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းပြီး မျိုးချစ်စိတ်ဓာတ်ထာဝစဉ်ကိန်းအောင်းစေရေးတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည် ကျောင်းသား/သူများက အမျိုးသားအောင်ပွဲနေ့အကြောင်းအား မိမိတို့လေ့လာထားသည်များကိုဆွေးနွေးကြရာ ဒုတိယဦးစီးမှူးနှင့် တာဝန်ရှိသူများ အသီးသီးဖြေကြားပေးပြီး အသိပညာပေးဟောပြောပွဲအား တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။

ရဲတင့်