သီပေါ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အထရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန် ရည်ရွယ်၍ “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် ၉ နာရီခွဲ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲ (Talk Show)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ဆွေးနွေးရာ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများစွာရှိသည့်အနက်မှ အဓိကကျသော အကြောင်းအရာများဖြစ်သည့် စိတ်ဓာတ်ကိုလှုံ့ဆော်ပေးခြင်း၊ အသိပညာကြွယ်ဝခြင်း၊ စကားပြောကြွယ်ဝခြင်း၊ မှတ်ဉာဏ်မြင့်မားလာခြင်း စသည့်အကြောင်းအရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်နန်းသိင်္ဂီစိုးက အတွေးအခေါ် အားကောင်းစေခြင်း၊ အာရုံစူးစိုက်မှုအားကောင်းခြင်း၊ စာပေအရေးအသားကောင်းခြင်း၊ စိတ်ဖိစီးမှုလျော့ကျစေခြင်း၊ ဗဟုသုတအတွေ့အကြုံ ရရှိစေခြင်း၊ တီထွင်ကြံဆမှု အားကောင်းစေခြင်း၊ စိတ်ဓာတ်နူးညံ့သိမ်မွေ့စေခြင်း စသည့်အကြောင်းအရာများကိုလည်းကောင်း စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသီးသီး အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ(Talk Show)များကိုဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)