ဟိုပုံး စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်းမတပ်ဆင်သူများအား ယခုဝယ်ယခုတပ် စနစ်ဖြင့် ပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးရှေ့ နှင့် လမ်းဆုံများတွင် ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဦးနေလင်းထွန်း နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့်စေတနာ့ဝန်ထမ်းများက ပြည်သူများအနေဖြင့် နေအိမ် ပြင်ပထွက်ခွာပါက နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် အသိပေးဆွေးနွေး ပြောကြားပြီး နှာခေါင်းစည်းမတပ်ဆင်သည့် လမ်းသွား လမ်းလာပြည်သူများအား နှာခေါင်းစည်းတစ်ခုလျှင် ၂၀၀ ကျပ်နှုန်းဖြင့် ယခုဝယ်ယခုတပ်စနစ်ဖြင့် ပညာပေးခဲ့ကြကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)