ချမ်းမြသာစည် နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာသို့ သွားရောက်၍ အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများမြို့ပေါ် ရပ်ကွက်များရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး ၎င်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊ မိဘပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေဖြန့်ချိသည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့သည်။ ဆက်လက်၍ ဝန်ထမ်းများသည် လူစည်ကားရာ လမ်းဆုံ၊ လမ်းခွနေရာများသို့ သွားရောက်၍ အငှားယာဉ်မောင်းနှင်နေသူများ၊ ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်လာသူများကို သတင်းစကား အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ၂၈-၁၁-၂၀၂၁ ရက်နေ့တွင် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နှုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း ၂၃-၁-၁၃၆၄ ရက်နေ့ ဖဆပလပြည်လုံးကျွတ် ညီလာခံ ကြီးတွင် တင်သွင်းသောညီညွတ်ရေးအဆိုမှ ကောက်နှုတ်ချက်၊ အမျိုးသားရေး အားမာန်၊ ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသား ကြီး (၁၁) ဦး၊ ၂၀၂၂ ခုနှစ်၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်များနှင့် ကဗျာဆရာ ဘိုမျိုး (ရွှေဘို) ရေးသားသည့် သူ့ကျွန်မခံအမျိုးသား အားမာန် ကဗျာနှင့်သရုပ်ဖော်ကာတွန်းများ စသည်တို့ပါရှိကြောင်း သိရှိရသည်။
ခင်စိမ်း၀င်း (ပြန်/ဆက်)