မိုင်းယု နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးများနှင့် သတ္တိဗျတ္တိများ ပိုမိုထက်မြက်လာစေရန်နှင့် နေ့ထူးနေ့မြတ်များကို တန်ဖိုးထားတတ်လာစေရန်အတွက် စာစီစာကုံး၊ ကျပန်းနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက စာစီစာကုံး၊ ကဗျာရွတ်၊ ကျပန်းပြိုင်ပွဲကို အခြေခံပညာ အထက်တန်းကျောင်း၌လည်းကောင်း၊ အားကစားပြိုင်ပွဲများကို မြို့မရပ်ကွက်ရှိ အားကစားကွင်းတွင်လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ခဲ့ကြသည်။
ပြိုင်ပွဲတွင် အထက်တန်းအဆင့် စာစီစာကုံး၊ အလယ်တန်းအဆင့် ကဗျာရွတ်နှင့် ကျပန်း၊ မူလတန်းနှင့် အလယ်တန်းအဆင့် ထုတ်စီးထိုး၊ အလယ်တန်းဆင့် ဘတ်စကတ်ဘော၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပိုက်ကျော်ခြင်းနှင့် ဘောလုံးပြိုင်ပွဲတို့ဖြစ်ကြပြီး ယနေ့နံနက်ပိုင်းတွင် စာစီစာကုံး၊ ကဗျာရွတ်၊ ကျပန်းပြိုင်ပွဲ များနှင့် ဘောလုံးပြိုင်ပွဲ(မ)အသင်းများယှဉ်ပြိုင်မှုတို့ကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ထုတ်စီးထိုးနှင့် ဘောလုံး(ကျား)အသင်းများ ယှဉ်ပြိုင်မှုတို့ကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများက အသီးသီးပါဝင် ယှဉ်ပြိုင်ကစားကြသည်။
အဆိုပါ ပြိုင်ပွဲများကို နိုဝင်ဘာ ၁၆ ရက်နေ့ထိ ယှဉ်ပြိုင်သွားကြမည်ဖြစ်ရာ ထို့နေ့တွင် ဘတ်စကတ်ဘော၊ ပိုက်ကျော်ခြင်း၊ ဘောလုံး(ကျား)အသင်းများ ယှဉ်ပြိုင်ခြင်းနှင့် ဘောလုံးပြိုင်ပွဲ(မ)အသင်းများ ယှဉ်ပြိုင်မှုတို့ ပါဝင်ကြပြီး ပြိုင်ဝင်ဆုရ ကျောင်းသား၊ ကျောင်းသူများကို နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် “အမျိုးသားအောင်ပွဲနေ့”တွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရ သည်။
ကိုကိုနိုင်