ကျိုက်မရောမြို့နယ်၌ အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

ကျိုက်မရော   နိုဝင်ဘာ ၁၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို  ယနေ့နံနက် ၉ နာရီ အချိန်က အထကကျိုက်မရော ပညာ့အားမာန်ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာမြို့နယ် ပညာရေးမှူးဒေါ်စုစုဌေးက စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားမှု အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ကျောင်းတွင်းစီမံခန့်ခွဲမှု အရည်အသွေးတိုးတက်ရေး၊ ပညာရေးတိုးတက်ရေးနှင့်စာသင်ကျောင်းများ ဖွံဖြိုးတိုးတက်ရေးသည်  ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုများက အဓိကကျသည့်အတွက်  ကျောင်းအုပ်ကြီးများ အရည်အသွေးမြှင့်တင်ခြင်းနှင့် အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများကို စနစ်တကျစီမံခန့်ခွဲတတ်စေရန်နှင့်  အခြေခံပညာဦးစီးဌာန၏  စီမံ၊ ဘဏ္ဍာ၊ ပညာစစ်ဆေးခြင်း လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားသည်။

အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို  နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး  ကျိုက်မရောမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်း(၁၄၁)ကျောင်းမှ ကျောင်းအုပ်ကြီး(၁၄၁)တို့က  စီမံ၊ ဘဏ္ဍာပညာရပ် နှင့်  ဝန်ထမ်းကျင့်ဝတ်တို့ကို  အပြန်အလှန်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး   ဒေါ်စုစုဌေးထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)