လှည်းကူး နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကျောင်းသား/သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက လှည်းကူးမြို့၊ သာသနာ့ရိပ်သာရပ်ကွက်ရှိ ရန်ကင်းအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးတင်မျိုးအောင်က ကျောင်းသား/သူများကို အမျိုးသားအောင်ပွဲနေ့ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောသည်။ ထို့နောက်ပြန်/ဆက်ဦးစီးဌာနက ပြသထားသောအမျိုးသားအောင်ပွဲနေ့နှင့်ပတ်သတ်သည့်အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ၊ ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကိုပြသထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြပြီး ဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသော(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)